International News

အိန္ဒိယအစိုးရ၏ တရားဝင်အင်တာနက်စာမျက်နှာတွင် ပဲနီလေးကုန်စည်လက်ကျန်အခြေအနေကို မဖြစ်မနေထုတ်ဖေါ်တင်ပြသွားရန် ညွှန်ကြားချက်ထုတ်ပြန်

Last Updated:

အိန္ဒိယနိုင်ငံ အစိုးရသည် ဈေးကွက်ထဲတွင် ပဲမျိုးစုံကုန်စည်များပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရန် ရည်ရွယ်၍ သွင်းကုန်လုပ်ငန်းရှင်များ၊ ပြုပြင်ကြိတ်ခွဲထုတ်လုပ်သူများနှင့် ရောင်းဝယ်ဖေါက်ကားသူအားလုံးအား ပဲနီလေး (masur/lentil)ကုန်စည်လက်ကျန်အခြေအနေကို အစိုးရ၏အင်တာနက်စာမျက်နှာတွင် မဖြစ်မနေထုတ်ဖေါ်တင်ပြသွားရန် ယခုလ ၆ ရက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပဲနီလေးကုန်လက်ကျန်အခြေအနေကို မဖြစ်မနေထုတ်ဖေါ်တင်ပြသွားရန်နှင့် ၎င်းအား ချက်ချင်းအာဏာသက်ဝင်စေရန်  အကြံပြုတိုက်တွန်းချက်တစ်ရပ်ကို အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယခုလ ၆ ရက်နေ့က တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေညာချက်တွင် ပါဝင်သက်ဆိုင်သူအားလုံး(stakeholders)သည် ပဲနီလေးကုန်စည်ကျန်အခြေအနေကို ဌာန၏တရားဝင်အင်တာနက်စာမျက်နှာ(https://fcainfoweb.nic.in/psp)တွင် အပတ်စဉ်သောကြာနေ့တိုင်း မဖြစ်မနေထုတ်ဖေါ်တင်ပြသွားရန်နှင့် အကယ်၍ ယင်းကဲ့သို့ထုတ်ဖေါ်ပြသခြင်းမရှိသော အဆိုပါမည်သည့်ကုန်စည်လက်ကျန်ကိုမဆို တွေ့ရှိပါက လက်ဝယ်တိတ်တဆိတ်သိုလှောင်ထားခြင်းဟု ယူဆပြီး အရေးကြီးကုန်စည်များအက်ဥပဒေ(Essential Commodities Act)အရ အရေးယူဆောင်ရွက်သွားမည်ဟု ပါရှိသည်။

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာန၊ အတွင်းဝန် Rohit Kumar Singh က ပဲနီလေးကုန်စည်ကို အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း (Minimum Support Price- MSP) ဝန်းကျင်တွင် ဈေးကွက်ထဲမှ ကျယ်ကျယ်ပြန့်ပြန့်ဝယ်ယူ၍ သိုလှောင်သွားရန် ကုန်စည်ဈေးနှုန်းသုံးသပ်ရေးအပတ်စဉ်အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

အိန္ဒိယအစိုးရ၏ကုန်စည်ဝယ်ယူရေးနှင့် ဈေးနှုန်းထိန်းသိမ်းရေးယန္တရားများဖြစ်သော အမျိုးသားစိုက်ပျိုးရေးဆိုင်ရာ သမဝါယမ ဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ်လိမိတက်(National Agricultural Cooperative Marketing Federation Of India Ltd.- NAFED)နှင့် အိန္ဒိယအမျိုးသားသမဝါယမစားသုံးသူများအသင်းချုပ်လိမိတက်(National Cooperative Consumers’ Federation of India Ltd.- NCCF) တို့က မတန်တဆဈေးနှုန်းပေး၍ ဝယ်ယူသော ကုန်သည်တစ်ချို့ကြောင့် ပြည်ပမှတင်သွင်းထားသော ပဲနီလေးကုန်စည်များကို ဝယ်ယူနိုင်ရေးအတွက် ၎င်းတို့၏တင်ဒါများကို ပိတ်သိမ်းခဲ့ရသည်။ ဈေးကွက်ထဲတွင် ပဲနီလေးကုန်စည်ဈေးနှုန်းများမြင့်တက်စေရန် ဈေးကစားလိုသောကုန်သည်အစုအဖွဲ့တစ်ချို့၏ အားထုတ်ကြိုးပမ်းမှုဟု အစိုးရက စိုးရိမ်မကင်းဖြစ်လျက်ရှိသည့်အခြေအနေတွင် ယခုကဲ့သို့ညွှန်ကြားချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။

ပဲနီလေးကို ကနေဒါနိုင်ငံမှတင်သွင်းပြီး ပဲစဉ်းငုံကို အာဖရိကတိုင်းပြည်များမှ တင်သွင်းကြောင်းနှင့် ဈေးကွက်ထဲရှိ ကုန်သည်တစ်ချို့က နိုင်ငံတော်နှင့် စားသုံးသူများ၏ အကျိုးစီးပွားကို ဆန့်ကျင်၍ ဈေးနှုန်းများကမောက်ကမဖြစ်စေရန် ကြိုပမ်းလျက်ရှိသည်ဟု Mr.Singh က ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အခြေအနေကို နီးကပ်စွာစောင့်ကြည့်နေပြီး၊ ဈေးကွက်ထဲသို့ ကုန်စည်များအလုံအလောက်ဝင်ရောက်လာရေး တင်းကျပ်သည့်ထိန်းချုပ်မှုများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ ပွဲတော်ရာသီတွင် ပဲမျိုးစုံကုန်စည်များကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် သေချာစေမည်ဟု အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

တောင်သူလယ်သမားများနှင့် စားသုံးသူများ၏ အပြန်အလှန်အကျိုးစီးပွားကို ညီညွတ်မျှတမှုရှိရန်မှာ အစိုးရအတွက် လွန်စွာအရေးကြီးကြောင်း၊ ၎င်းတို့ဌာနအနေဖြင့် အိန္ဒိယစားသုံးသူများနှင့် တောင်သူများအကျိုးစီးပွားထိခိုက်အောင် မတော်လောဘရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန် ကြိုးပမ်းသူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားဖို့ တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

အိန္ဒိယ စားသုံးသူရေးရာဌာနအနေဖြင့် ယမန်နှစ်က ရာသီဥတုဖေါက်ပြန်မှအခြေအနေကြောင့် ပဲစဉ်းငုံနှင့် မတ်ပဲနှစ်မျိုး၏ ကုန်စည်ထွက်ရှိမှုလျော့နည်းလာသောကြောင့် ပဲမျိုးစုံကုန်စည်ကျန်အခြေအနေကို စောင့်ကြည့်ထိန်းကျောင်းသွားရန် ယခုနှစ် မတ်လမှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယင်းကဲ့သို့ ပဲနှစ်မျိုး၏အထွက်နှုန်းကျဆင်းမှုကြောင့် လွန်ခဲ့သောလအနည်းငယ်အတွင်းက အဆိုပါပဲများ၏ဈေးနှုန်းများကို အတက်ကြမ်းစေခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်၊ ခါရစ်(မိုး)သီးနှံရာသီ တလျှောက်တွင် မိုးရေရရှိမှုနည်းပါးခြင်းကြောင့် ပဲစိုက်ဧကများလျော့နည်းကျဆင်းခဲ့ရသည်။ အစိုးရအနေဖြင့် ပြည်ပမှ ပဲမျိုးစုံဝယ်ယူတင်သွင်းခြင်းအားဖြင့် ပဲဈေးကွက်အခြေအနေတည်ငြိမ်မှုရှိစေရန်နှင့် ပဲဈေးနှုန်းများမြင့်တက်လာခြင်းမရှိရန် စောင့်ကြည့်ထိန်းသိမ်းလျက်ရှိသည်။

ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ ခါရစ်ရာသီပဲစိုက်ဧကမှာ ၁၁၉ ဒသမ ၀၉ သိန်းဟက်တာရှိပြီး၊ ယခင်နှစ် ကာလတူက ၁၃၀ ဒသမ ၁၃ ဟက်တာရှိခဲ့သည့်အတွက် ၈ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရသည် အဓိကစားသုံးသော ပဲမျိုးစုံဈေးကွက်တည်ငြိမ်ရေးအတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ထိန်းချုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ တစ်ဖန်မကြာမီကျင်းပမည့် ပွဲတော်ရာသီမတိုင်မီ ဈေးကစားလိုသော ကုန်သည်များ၏ ပြုမူဆောင်ရွက်မှုအပေါ် သတိပေးညွှန်ကြားချက်ထုတ်ပြန်ခဲ့သလို ဈေးကွက်ထဲရှိပါဝင်သူများအနေဖြင့်လည်း တာဝန်တစ်ရပ်အနေ ဖြင့် ပဲကုန်စည်လက်ကျန်အခြေအနေကို အစိုးရထံ မပြတ်သတင်းပို့သွားရန် နှိုးဆော်တိုက်တွန်းထားသည်ကိုလည်းတွေ့ရပါသည်။ သို့ပါ၍ အိန္ဒိယ  နိုင်ငံအစိုးရ၏ပဲနီလေးကုန်စည်နှင့်ပတ်သက်၍ ထိန်းချုပ်လုပ်ဆောင်လျက်ရှိသည့်အခြေအနေကို တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Hindu Businessline သတင်းဌာန၊ “Centre asks pulses stakeholders to disclose lentils’ stocks with immediate effect”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News